ပျဉ်းမနား ဩဂုတ် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ပိုင်းက ကျင်းပကြောင်းသိရသည်။
ဦးစွာ ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်အတွက် စာပေလေ့လာ ဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန် လမ်းညွှန်ထားပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်များကိုအခြေခံကာ စနစ်တကျပြုစုပျိုးထောင် တည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့်လည်း ကျောင်းစာကဏ္ဍတွင်သာမက ဗလငါးတန်နှင့် ပြည့်စုံပြီး လူကောင်းများဖြစ်လာစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ် ချက်များနှင့် လူထုအခြေပြုဗဟိုဌာန Community Centre လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အခမ်းအနားမှူးက စာရေးဆရာကြီး ကိုရွှေအောင်သင်း၏အတ္ထုပတ္တိကို ဖတ်ကြားခဲ့ပြီးနောက် စာရေးဆရာကြီး ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ အသိပညာဗဟုသုတ မေးခွန်းများမေးမြန်း၍ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူ များအား အမှတ်တရစာအုပ်လက်ဆောင်များကိုပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဌ ဦးမောင်မောင်တာက ကောင်းထူးချွန် ကိုယ်ပိုင် အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းရာ ဆရာမကြီး ဒေါ်စုစုအောင်က လက်ခံရယူခဲ့သည်။
အဆိုပါဟောပြောပွဲအပြီးတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)