ပျဉ်းမနားမြို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၁၈

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပျဉ်းမနား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

 

ဦးစွာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က အမှာစကားပြောကြားရာတွင် “ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွား လာကာ အများရှေ့တွင်ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေပြီး အပြန်အလှန် ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယခု ကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်နှင့်အတူ Grade-10 ကျောင်းသား မောင်ဉာဏ်လင်းထက်က လူငယ်နှင့်စည်းကမ်း၊ Grade-11 ကျောင်းသား မောင်ဟန်ဘုန်းမြတ်က လူငယ်နှင့်စာရိတ္တ၊  Grade-11 ကျောင်းသူ မဇူလိုင်မိုးက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-11 ကျောင်းသူ မဆုမြတ်မွန်က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်နှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

 

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးထာနက ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်