ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက်ပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာရေးဆရာ ဖေမြင့် ရေးသားသည့် “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူ ဒေါ်သင်းသင်းဇင်က “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ပါအကြောင်းအရာ များကို မိတ်ဆက်ဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များပါဝင်သည့် စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များက “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ပါအကြောင်းအရာများကိုဆွေးနွေးကြရာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာ၊ ဆရာမများက လူငယ်များ၏ဆွေးနွေးမှုများအပေါ် အသီးသီး ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် လူငယ်စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဟိန်းခန့်ဇော်(ပြန်/ဆက်)

