ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာမကြီး ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူ ဒေါ်သင်းသင်းဇင်က “ဒို့တိုင်းဌာနီ” စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက ဝတ္ထုဇာတ်ကြောင်းနှင့် ရသပါဝင်မှုများအပေါ် သုံးသပ်ဆွေးနွေး သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဉတ္တရခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက “ဒို့တိုင်းဌာနီ”စာအုပ်ပါ ဇာတ်ကောင်စရိုက်များကိုလည်းကောင်း၊ ဒက္ခိဏခရိုင် ဦးစီးမှူး ဒေါ်တင်တင်ချိုတို့က
ဇာတ်အိမ်ဖွဲ့စည်းမှုနှင့် အနှစ်ချုပ်သုံးသပ်ချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာရေးဆရာ၊ ဆရာမများနှင့် လူငယ်စာပေဝါသနာရှင်များက စာရေးဆရာမကြီး ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ”စာအုပ်ပါ အကြောင်းအရာများကို မိမိတို့၏အတွေးအမြင်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် လူငယ်စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)