ပျဉ်းမနား ဇန်နဝါရီ ၆
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများ အရောက် လှည့်လည် ငှားရမ်းပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂)အခြေခံပညာ အထက်တန်း ကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
စာအုပ်ငှား ရမ်းဖတ်ရှုသူများ အဆင်ပြေစေရေး အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ (၂၂၀၀) ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ် ဖြည့်ဆည်း ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံ ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေအလွယ် တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများရှိ စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံ ငှားရမ်းပေးခြင်း ဖြစ်ပြီး မြို့နယ်ပြည်သူ့ စာကြည့်တိုက် တွင်လည်း သုတ၊ ရသစာအုပ် များကို မည်သူမဆိုအခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင် ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
